ကိုယ်ဝန်ဆောင်ချိန် လုပ်ပေးသင့်တဲ့ လေ့ကျင့်ခန်းလေးတွေ
လေ့ကျင့်ခန်း လုပ်တာက ကျန်းမာစေပါတယ်။ ဒါက လူတိုင်း၊ အသက်အရွယ်တိုင်းမှ မှန်တဲ့ စကားတစ်ရပ်ပါ။ ဒီလိုပါပဲ ကိုယ်ဝန်ဆောင်ချိန်မှာလည်း မိခင်ရော ရင်သွေးလေးပါ ကျန်းမာစေဖို့ လေ့ကျင့်ခန်း လုပ်ဖို့ လိုပါမယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ လေ့ကျင့်ခန်းတဲ့အခါ ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်း လုပ်တာမျိုးတွေတော့ မလုပ်ပါနဲ့။
ကိုယ်ဝန်ဆောင်ချိန်မှာ လေ့ကျင့်ခန်း လုပ်ပေးရင် ဘာတွေထူးမလဲ?
ကိုယ်ဝန်ဆောင်ချိန်မှာ လေ့ကျင့်ခန်း လုပ်ပေးတာ စိတ်ရောကိုယ်ပါ ကျန်းစေပါတယ်။ ရေရှည် ကောင်းကျိုးတွေ အနေနဲ့ ကိုယ်ဝန်ဆောင်ချိန်မှာ လေ့ကျင့်ခန်း ပုံမှန် လုပ်ပေးတာက
- လမစေ့ဘဲ မွေးဖွားတာ
- ခွဲမွေးရတာ
- ကိုယ်အလေးချိန် တက်လာတာ
- ကိုယ်ဝန်ဆောင် ဆီးချို
- ပေါင်မပြည့်ဘဲ မွေးဖွားတာ မျိုးတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်သလို
မိခင် အနေနဲ့လည်း
- ရုပ်ပိုင်းဆိုင်ရာ ကျန်းမာစေတယ်
- ဗိုက်ထွက်လာတာကြောင့် ခါးနာတာကို သက်သာစေတယ်
- စိတ်ဓာတ်ကျတာ၊ စိုးရိမ်ပူပန်တာကို လျော့ကျစေနိုင်တယ်
- မီးဖွားပြီးချိန်မှာ မြန်မြန် သက်သာလာစေတယ်။
ကိုယ်ဝန်ဆောင်ချိန်မှာ လေ့ကျင့်ခန်း လုပ်တာက အခုလို အကျိုးကျေးဇူးတွေ ရရှိစေတယ်ဆိုတော့ ကိုယ်ဝန်ဆောင်ချိန်မှာ ဘယ်လို လေ့ကျင့်ခန်းတွေ လုပ်ရမလဲလို့ တွေးနေမိပြီလား? ဒါဆိုရင်တော့ အဆင်ပြေဆုံးဖြစ်မယ့် လေ့ကျင့်ခန်းကို ဆောင်းပါးလေး ဖတ်ရင်း ကိုယ်တိုင်ရွေးချယ်လိုက်ပါ။
ကိုယ်ဝန်ဆောင်ကာလနဲ့ သင့်တော်တဲ့ လေ့ကျင့်ခန်း
ကိုယ်ဝန်ဆောင်ကာလမှာ ပေါ့ပေါ့ပါးပါးနဲ့ လုပ်ဆောင်လို့ ရတဲ့ လေ့ကျင့်ခန်းလေးတွေ လုပ်ပေးတာက သွေးလည်ပတ်မှု ကောင်းစေပြီး ကြွက်သားတွေကို သန်မာစေနိုင်သလို သက်လုံကောင်းစေဖို့လည်း ထောက်ကူပေးပါတယ်။
ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်ရော ကလေးလေးပါ ကျန်းမာစေဖို့ဆိုရင်
· ရေကူးပါ
ရေကူးတာက ကိုယ်ဝန်ဆောင်နဲ့ အသင့်တော်ဆုံး လေ့ကျင့်ခန်း တစ်မျိုးပါ။ ရေထဲမှာ ကိုယ်အလေးချိန်ကို ထမ်းထားစရာ မလိုတာကြောင့် အဆစ်တွေကို ဝန်ပိမှာလည်း မစိုးရိမ်ရတော့ပါဘူး။
ကိုယ်ဝန်ဆောင်ချိန်မှာ ရေကူးတာက မအီမသာဖြစ်တာကို သက်သာစေနိုင်ပါတယ်။ ခြေဆစ်လက်ဆစ်တွေ ရောင်တာ၊ ဖောရောင်တာ၊ အဆစ်နာတာတွေကို သက်သာစေပြီး ကြွက်သားတွေဆီ သွေးစီးဆင်းရောက်ရှိမှု ကောင်းစေပါတယ်။
ရေကူးချိန်မှာ အရေးပေါ် မတော်တဆ အခြေအနေအတွက် ကုညီပေးနိုင်မယ့်သူ တစ်ဦးကို အနားမှာ ခေါ်ထားပါ။ ရေငုပ်တာမျိုး မလုပ်ပါနဲ့။
· လမ်းလျှောက်ပါ
အလုပ်အရမ်းများတဲ့ ကိုယ်ဝန်ဆောင်မေမေတွေအနေနဲ့ လေ့ကျင့်ခန်း လုပ်ဖို့ အချိန် မရှိဘူးဆိုရင်တော့ လမ်းလျှောက်ပေးတာက နည်းလမ်းကောင်းပါ။ လမ်းလျှောက်တာက အထွေအထူး အချိန်မပေးရပါဘူး။ တစ်နေ့ကို ၁၅ မိနစ် ကနေ နာရီဝက်လောက် လမ်းလျှောက်ပေးပါ။ ချော်မကျစေဖို့အတွက်တော့ ဖိနပ် နဲ့ နေရာကို ဂရုတစိုက် ရွေးချယ်ပါ။
· ပြေးပါ
ပြေးတာက ကိုယ်ဝန်ဆောင်ချိန်မှာ အဆင်ပြေပါ့မလားလို့ တွေးနေပြီလား။ ဒါဆိုရင်တော့ အဆင်ပြေပါတယ်လို့ ပြောပါရစေ. ခပ်ရွရွပြေးတာပါ။ ပြင်းပြင်းထန်ထန် ပြေးတာမျိုး မဟုတ်ပါဘူး။ ဒူးမနာစေဖို့အတွက် ဒူးစွပ်ဝတ်တာမျိုး လုပ်ဆောင်ပေးပါ။
· ယောဂ လုပ်ပါ
ယောဂလုပ်တာက စိတ်ရောကိုယ်ပါ ကျန်းမာစေသလို ကိုယ်ဝန်ဆောင်ချိန်မှာ အချင်းဆီ သွေးစီးဆင်းရောက်ရှိမှုလည်း ကောင်းစေပါတယ်။ ဒါကြောင့် တစ်နေ့ကို နာရီဝက်လောက် ကိုယ်ဝန်ဆောင်တွေနဲ့ သင့်တော်မယ့် ယောဂလုပ်ပေးပါ။ မွေးဖွားရတာလည်း လွယ်ကူစေမှာပါ။
အခုပြောပြခဲ့တဲ့ လေ့ကျင့်ခန်းလေးတွေကို အဆင်ပြေအောင် လုပ်ဆောင်ပေးတာက မေမေရော ကလေးလေးကိုပါ ကျန်းမာစေမှာပါ။
ရေးသားသူ - မွန်မွန်